သူကူးနေတဲ့ ရေပြင်ရဲ့ အနီးက အသက်ကယ်လှေ တစ်စင်းပေါ်ကနေ သူ့မိခင်ကြီးရယ်၊ သူ့ကို ရေကူးလေ့ကျင့်ပေးတဲ့ ဆရာတို့က လိုက်ပြီး အားပေး စကားဆိုနေကြတယ်။
ဒါပေမယ့် ဘယ်ဖက်ကိုကြည့်ကြည့် သူမြင်နေရတာက ထူထဲလှတဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းချည်းပဲ။ သူတို့က “သမီးရေ အရှုံးမပေးနဲ့” လို့ အားပေးနေကြဆဲပဲ။ မိုင်ဝက်လောက် အလိုကျမှပဲ သူ့ကို ဆွဲတင်ကြပါလို့ သူက အားလျှော့လိုက်သတဲ့။ သူ့ရဲ့ အအေးပတ်နေတဲ့ ခန္ဓာကိုယ်ကို နာရီအတော်ကြာကြာ နွေးလာအောင် လုပ်နေရင်း ရေကူးမယ်က သတင်းထောက်တစ်ဦးကို မချင့်မရဲနဲ့ လှမ်းပြောတာကတော့-
“ကြည့်စမ်းပါဦးရှင် ကျွန်မကိုယ်ကျွန်မ ခွင့်မလွှတ်နိုင်အောင်ပါပဲ။ ကုန်းမြေကိုသာ ကောင်းကောင်း မြင်ခဲ့ရရင်လေ ကျွန်မကမ်းရောက်အောင် ကူးနိုင်မှာရှင့်” တဲ့။
နှစ်လလောက်အကြာမှာ သူထပ်ပြီးကြိုးစားခဲ့ပြန်တယ်။ ဒီတစ်ကြိမ်မှာလည်း မြူတွေ ထူထဲစွာ ပိတ်နေတာပဲ။ ဒါပေမယ့် သူ့ယုံကြည်ချက်ကို စွဲစွဲမြဲမြဲပိုက်ထားလိုက်ပြီး သူစိတ်ထဲမှာ ပန်းတိုင်ကို ထင်ထင်ရှားရှားကြီး ရုပ်လုံးပေါ်လာပြီလေ။ ဒီမြူထုကြီး နောက်တစ်နေရာရာမှာ ကမ်းခြေကရှိနေရမယ်လို့ ပိုင်းဖြတ်လိုက်ပြီး ဒီတစ်ချီမှာတော့ သူအောင်မြင်သွားခဲ့ပြီ။
ဖလောရင့်(စ်) ချဒ်ဝစ်က ကာတာလီနာ တူးမြောင်းကြီးကို ပထမဆုံးဖြတ်သန်းပြီး ရေသူမလေးနှယ် ကူခတ်နိုင်ခဲ့သူဖြစ်သွားပြီး ယောကျ်ားတွေ နှစ်နာရီကြာထိ ကူးခတ်ခဲ့ရတဲ့ စံချိန်ကိုပါ ဒီရေကူးချန်ပီယံက စံချိန်ချိုးနိုင်ခဲ့ပြီ။
ကျောင်းသူကျောင်းသားတို့ရေ-
ကိုယ်ရဲ့ ပန်းတိုင်ကို သတ်သတ်မှတ်မှတ် ပိုင်းခြားလိုက်။ သားတို့သမီးတို့ကို အထောက်အကူပြုပေးမယ့် ခြေလှမ်းတွေကိုပဲ ချရေးထားကြကွဲ့။ ပန်းတိုင်ကို ကျိန်းသေ ရောက်ရမယ်မှတ်။အရှုံးနဲ့ ရင်ဆိုင်ရရင် ထပ်ပြီးကြိုးစားလိုက်ကြ။ ကြိုးစားမှုကို ဘယ်တော့မှ ရပ်ဆိုင်းမပစ်လိုက်ကြနဲ့။
အရေးတကာ့ အရေးကြီးဆုံးအချက်က ဘာလဲ။ ကိုယ့်ရဲ့ ပန်းတိုင်ကို ဗဟိုပြုထားဖို့ပဲ။ ဒါကို စိတ်ထဲကနေပြီး မြင်အောင်သာ ကြည့်ထားကြ။
သားတို့သမီးတို့ရဲ့ အာရုံကို တခြားဘာတွေကမှ လာပြီးမစိုးမိုးမိစေနဲ့။ အာရုံပြောင်းမိ မသွားစေနဲ့။တစ်ကိုယ်လုံး အေးစက်ပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေစေဦး။ငါးမန်းတွေလာပြီး ကိုက်နေစေဦး။ဒါတွေကို လျစ်လျူရှူ့လိုက်ကွဲ့။
မင်းတို့ကိုယ်မင်းတို့ လက်မြှောက်တန်းပြီး “အောင်ပြီကွ အောင်ပြီကွ” လို့ အော်ဟစ်ကြွေးကြော်ပစ် ဖို့သာ စဉ်းစားထားကြကွဲ့။
ဝါးခယ်မ မောင်မင်းနိုင်