"လူငယ် နှင့် အနာဂတ်
( Youths and their futures)
""""""""""""""""""""""""""""""""""""""""
မြန်မာစကားမှာ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ တာဝန်အရပ်ရပ်ကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမယ့်သူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။
ဆိုလိုတာက လူငယ်တွေကောင်းမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမှာဖြစ်တယ်။ လူငယ်တွေညံ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာညံ့မယ်။ လူငယ်တွေပျက်စီးရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပျက်စီးမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျနော်တို့ အားလုံးရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကြီးပွားတိုးတက်လာမလား ဆုတ်ယုတ်နိမ့်ကျသွားမလားဆိုတာ သိချင်ရင် ပစ္စုပ္ပန်မှာ ဒီတိုင်းပြည်ရဲ့ လူငယ်တွေ ဘာတွေကို စိတ်ဝင်စားနေလဲ၊ ဘယ်လိုကိစ္စတွေမှာ အချိန်ပေးနေလဲ ဆိုတဲ့အချက်ကို ကြည့်ပြီး မှန်းဆနိုင်ပါတယ်။
ဒါကြောင့် တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်စေချင်ရင် လူငယ်တွေရဲ့ ပစ္စုပ္ပန်ကို အကောင်းဆုံး ဖန်တီးပေးဖို့လိုပါတယ်။ ခုခေတ်ကာလမှာ ကပ်ရောဂါ အခြေအနေကြောင့်ရော နိုင်ငံရေးအခြေအနေကြောင့်ရော တိုင်းပြည်ရဲ့ ယန္တရားတွေ ကမောက်မကဖြစ်နေချိန်မှာ လူငယ်တော်တော်များများက ပညာရေးအပါအဝင် သူတို့ရဲ့ အနာဂတ် အိပ်မက်တွေ၊ အနာဂတ် ရည်မှန်းချက်တွေ ဝေဝေဝါးဝါး ဖြစ်လာကြတယ်။ လမ်းပျောက်သလိုဖြစ်လာကြတယ်။
လူငယ်တွေရဲ့ အနာဂတ်ပျောက်တာဟာ တိုင်းပြည်ရဲ့ အနာဂတ် ပျောက်တာပဲဖြစ်ပါတယ်။
လူငယ်တွေရဲ့ အနာဂတ်ဝေဝါးတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ဝေဝါးတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေကိုယ်တိုင်လည်း ကိုယ့်ရဲ့ အနာဂတ်လမ်းကို မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ကိုယ်တိုင်လမ်းဖောက်ဖို့ ကြိုးစားကြရမှာ ဖြစ်သလို လူကြီးတွေကလည်းပဲ လူငယ်တွေရဲ့ အနာဂတ်ကို ပဲ့ကိုင်လမ်းပြပေးဖို့ လိုပါတယ်။
ဒီနေရာမှာ လူကြီးနဲ့ လူငယ်ကြားမှာ တစ်ခါတစ်ရံ ပဋိပက္ခ အသွင်ဆောင်တဲ့ အမြင်ကွာဟမှုလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။
တကယ်တော့ လူငယ်တွေဟာ ရဲရင့်တယ်၊ တက်ကြွတယ်၊ စွန့်လွှတ် စွန့်စားရဲတယ်၊ စူးစမ်းတတ်တဲ့ သဘာဝရှိတယ်၊ အတွေ့အကြုံ ဗဟုသုတအပိုင်းမှာတော့ လူကြီးတွေလောက် မကြွယ်ဝတဲ့အခါမှာ တစ်ခါတစ်ရံ စိတ်ကူးယဥ်ဆန်တာမျိုးလေးတွေ ရှိတတ်ပါတယ်။ လူကြီးတွေဆီက အတွေ့အကြုံ ဗဟုသုတတွေနဲ့ ပေါင်းစပ်နိုင်ရင်တော့ ဆန်းသစ်နိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်း လူငယ်တွေမှာ ရှိတယ်။
လူကြီးတွေကျတော့ အသိဥာဏ်ရင့်ကျက်တယ်။ အတွေ့အကြုံနဲ့ သင်ခန်းစာတွေလည်းပဲ သူတို့မှာရှိတယ်။ သံယောဇဥ် အနှောင်အဖွဲ့တွေ ရှိလာတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ချိန်ဆနေရတာမျိုး၊ ရင်းနှီးပေးဆပ်ဖို့ တွန့်ဆုတ်နေတာမျိုး၊ တော်ရုံကိစ္စတွေကို နားလည်ပေးလိုက်တာမျိုး၊ ခွင့်လွှတ်ပေးလိုက်နိုင်တာမျိုး၊ အမှန်တရားကိုလည်း တစ်ခါတစ်ရံမှာ ခြွင်းချက်နဲ့ လက္ခံကျင့်သုံးတာမျိုးတွေ လူကြီးပိုင်းတွေမှာ ရှိလာတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတွေက ကိုယ့်မှာရှိတဲ့ အတွေ့အကြုံ ဗဟုသုတတွေ သင်ခန်းစာတွေကို လူငယ်တွေဆီ ပေါင်းထည့်ပေးလိုက်ရင် လူငယ်တွေက သူတို့ရဲ့ ရဲရင့်တက်ကြွမှုတွေ၊ တီထွင်ဆန်းသစ်နိုင်စွမ်းတွေ အတွေးသစ်၊ အမြင်သစ်တွေနဲ့ ပေါင်းစပ်ပြီးတော့ အနာဂတ်ကို ခရီးဆက်နိုင်မယ်၊ ဦးဆောင်နိုင်ကြမယ်။
အဲ့လိုမှမဟုတ်ဘဲ လူကြီးတွေကလည်း လူငယ်တွေ အားမရပါဘူး၊ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်၊ ဒါတွေက ငါတို့လုပ်ခဲ့ပြီးပြီ၊ မအောင်မြင်ပါဘူး၊ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ စိတ်ကူးယဥ်မနေနဲ့ ဆိုတာမျိုး အပြစ်တွေပြောမယ်။
ဥပမာပေါ့ လူကြီးဖြစ်တဲ့သူက ကိုယ်ငယ်ငယ်က ဂစ်တာတွေတီးမယ်၊ ကဗျာတွေရေးမယ်၊ အိမ်ထောင်ကျသွား၊ အလုပ်တွေရသွားတဲ့အခါမှာ ဒါတွေကို ဆက်မလုပ်ဖြစ်တော့ဘူး။ ပိုးသေသွားပြီ။ ပြီးသွားပြီ...။
ဒါတွေကို သူ့ရှေ့မှာ လူငယ်တွေလုပ်နေတာ တွေ့ပြန်တော့ အလကားပါကွာ ဒါတွေက ငါတို့လုပ်ခဲ့ပြီးပြီ။ ကဗျာဆရာလည်း ဖြစ်မလာဘူး။ ဂီတသမားလည်း ဖြစ်မလာဘူး။ ဒါက မင်းတို့ ငယ်သေးလို့ အရူးထတဲ့ အလုပ်တွေ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောတယ်ဆိုပါတော့။ တကယ်တမ်းကျတော့ ကိုယ့်တုန်းက မဖြစ်ခဲ့ပေမယ့် သူတို့အလှည့်ကျ ဖြစ်ချင် ဖြစ်မှာပေါ့။ ပုံသေပြောလို့မရတဲ့ ကိစ္စတွေပါ။ ဒါက ဝါသနာအရေးနဲ့ သာဓကပေးတာပါ။ စီးပွားရေး၊ နိုင်ငံရေး ဘယ်အရေးမှာမဆို ထပ်တူပါပဲ။
လူကြီးတွေဘက်က အဲ့ဒီလို ကိုယ်မဖြစ်ခဲ့တိုင်း လူငယ်တွေလည်း ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးရှိကြသလို လူငယ်တွေ အမြင်မှာလည်း လူကြီးတွေကို ဒီလူကြီးတွေက အလကားပါ၊ ဝေဖန် လေကန်နေတာနဲ့ပဲ ပြီးနေတာ၊ ဘာမှလည်း လက်တွေ့ကျကျ အဖြစ်မရှိဘူး။ ဘာမှလည်း လုပ်နိုင်ကိုင်နိုင်စွမ်းမရှိဘူး...ဆိုတာမျိုး ဝေဖန်တတ်ကြတယ်။ (အမှန်တော့လည်း သူတို့ငယ်စဉ်ဘဝက ကြိုးစားခဲ့တာတွေ ရုန်းကန်ခဲ့တာတွေ ရဲရင့်ခဲ့တာတွေ စွမ်းနိုင်ခဲ့တာတွေ ရှိတာပေါ့။ ကိုယ်မှ မသိလိုက်၊ မမီလိုက်တာ။ )
နောက်တစ်ခု။ လူငယ်တွေ အမြင်မှာ ဒီလူကြီးတွေက ငါတို့လုပ်သမျှကို အကုန် ကန့်လန့်တိုက်နေတာ၊ အကြောင်းအမျိုးမျိုးပြပြီး အပျက်သဘောတွေပဲ ပြောနေတာလို့ မြင်တာတွေလဲ ရှိမှာပေါ့။ ဒါလဲ မှန်သင့်သလောက် မှန်တာပေါ့။ အကြောင်းလဲ ရှိတာပေါ့။ ကိုယ်က စွမ်းရည်ကျတဲ့အချိန်မှာ ဦးဆောင်ပြီးတော့ လုပ်မပြနိုင်ဘူး။ ကိုယ့်မှာ ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ လောကဓံတွေ ရှိထားသလို မလိုအပ်ဘဲ ရင်းနှီးပေးဆပ်လိုက်ရပြီးတော့မှ ဘဝမှာ အရာမထင်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေလဲရှိမယ်။
ဒီတော့ စိတ်ပူတတ်တယ်၊ ကြောက်တတ်တယ်။ ဒါပေမဲ့ ရှေ့မှာပြောခဲ့သလို အလုပ်တစ်ခုမှာ ငါမအောင်မြင်တိုင်း ဘယ်သူမှ ဒီအလုပ်ကို မအောင်နိုင်ဘူးလို့ တော့ တွေးလို့မရဘူး။
ငါ့တုန်းက ဒီလိုဒီလိုတွေ လုပ်ခဲ့လို့ မအောင်မြင်ခဲ့ဘူး။ တကယ်လို့ မင်းတို့ နည်းလမ်းသစ် ရှာနိုင်တယ်ဆိုရင် လုပ်ကြည့်သင့်တယ်လို့ ပြောရမှာ။ လူငယ်တွေရဲ့လုပ်ချင်စိတ်ကို ရိုက်မချိုးဘဲ လိုအပ်မယ်ထင်တဲ့ အတွေ့အကြုံတွေ ဝမ်းစာတွေ ဖြည့်ပေးလိုက်ရမှာ။ အကြံဥာဏ်ကောင်းတွေ ပေးလိုက်ရမှာ။
အခုကာလမှာဆိုရင် ကမ္ဘာနဲ့အဝှမ်း Covid-19ရဲ့ခြိမ်းခြောက်မှုဟာ စိတ်အေးရတဲ့ အနေအထားမျိုး မရှိသေးပါဘူး။
(၁)"ရောဂန္တရကပ်" (ရောဂါဆိုက်ရောက်တဲ့ကပ်ပေါ့။)
(၂)"သတ္ထန္တရကပ်" (စစ်လက်နက်ဘေးအန္တရာယ်ကပ်)
(၃)"ဒုဗ္ဘိက္ခန္တရကပ်" (ငတ်မွတ်ခေါင်းပါးခြင်းကပ်)
ဆိုပြီး ကပ်သုံးပါးရှိတဲ့အထဲမှာ
ဘယ်ကပ်ပဲ ဆိုက်ဆိုက်၊ အရင်ဆုံးထိခိုက်တာက လူငယ်တွေရဲ့ ပညာရေးပါပဲ။ ပညာရေးတို့ ကျန်းမာရေးတို့ဆိုတာ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်တယ်။ ပညာဆိုတာ အဆိုး အကောင်း အကျိုးအပြစ်ကို ခွဲခြမ်း သိမြင်နိုင်တဲ့ အတတ်ဖြစ်တယ်။ ပြဿနာတစ်ခုချင်းစီရဲ့ အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေသိမြင်နိုင်တဲ့ အစွမ်းသတ္တိဟာလည်း ပညာဖြစ်တယ်။
ဒါကြောင့် လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း ဆုံးရှုံးသွားပြီ ဆိုရင် အနာဂတ်တိုင်းပြည်ဟာ အမှောင်ကျပါပြီ။
နောက်တစ်ခုက ကျန်းမာရေး။လူငယ်တွေ ကျန်းမာရေးလိုက်စားမှု မရှိတော့ဘူး၊ လူငယ်တွေ ချိနဲ့ကုန်ပြီဆိုရင် အနာဂတ်တိုင်းပြည်ဟာ ချိနဲ့ပြီသာ မှတ်လိုက်တော့။
ဒါကြောင့် လူငယ်တွေ စာဖတ်ပါ။ ပညာသင်ပါ။ အတန်းတက်ခွင့်ရမှ ပညာသင်နိုင်တာ မဟုတ်ဘူးဆိုတာ သိထားပါ။ အတန်းတက်ရမှ ပညာတတ်တာ မဟုတ်ပါဘူး။ သင်ရိုးတွေကို ကိုယ်တိုင် ဖတ်မှတ်လေ့လာနေလို့ ရပါတယ်။ အလွတ်တမ်း လေ့လာသင်ယူထားတဲ့လူ၊ စာဖတ်ထားတဲ့ လူကတော့ ဘယ်စာမေးပွဲနဲ့ ဘယ်အချိန်မှာပဲ ဝင်ဖြေဖြေ အောင်မှာပါပဲ။
အချိန်ကို အကျိုးရှိရှိ အသုံးချပါ။ အားကစားလုပ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။
ကိုယ့်ရဲ့ ရည်မှန်းချက် အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့။ လွှတ်မချလိုက်ပါနဲ့။
လူကြီးတွေကလည်း လူငယ်တွေအတွက် ရင်လေးတယ်၊ ရင်လေးတယ် ဆိုပြီး အိမ်မှာ ထိုင်ပြီး ရင်လေးမနေပါနဲ့။ လေးတာတွေ ပိုပိုလာတာပဲ ရှိမှာပါ။ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးပြီးတော့ စွမ်းနိုင်သလောက်လေး ကြိုးစားပေးရင်း တစ်ခုစွမ်းနိုင်ရင် ရင်တစ်ခါ ပေါ့ပါတယ်။ အဲဒီလိုနဲ့ လူငယ်တွေအတွက်ကို အားထုတ်ပေးကြစေလိုပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ အားလုံးဟာ ကိုယ့်ရဲ့အနာဂတ် ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် တောင်ကျစမ်းရေရဲ့ ဥပမာအတိုင်း ကျင့်သုံးစေလိုပါတယ်။ တောင်ကျစမ်းရေဟာ တောင်ကြိုတောင်ကြားကနေ စီးဆင်းလာတဲ့အခါ တစ်နေရာရာမှာ ကျောက်တုံးတစ်တုံး ခံနေတယ်ဆိုပါစို့ ရေဟာ ကျောက်တုံးရဲ့ အောက်ကနေပြီး ဝပ်တွား ငုပ်လျှိုးပြီးတော့ သွားတယ်။ သွားနိုင်ရင်သွားတယ်၊ သွားလို့မရရင်ခဲ့ရင် ဘေးနှစ်ဘက်ကနေ ရှောင်ကွင်းပြီး ထွက်သွားတယ်။ အဲလိုမှ မသွားနိုင်ဘူးဆိုရင် ရေအားစုပြီး တွန်းဖယ်ဖို့ ကြိုးစားတယ် ။ နောက်ဆုံး ကျောက်တုံးကို တွန်းဖယ်လို့လည်း မရဘူးဆိုရင် နောက်ထပ်ရေအားကို စုပြီး ကျောက်တုံးကို ကျော်ပြီးတော့ စီးဆင်းသွားတယ်။ စမ်းရေဟာ သူ့ရဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ခဲ့တယ်။
ဒီလိုပဲ လူငယ်တွေဟာလည်း ရည်မှန်းရာ အနာဂတ်ပန်းတိုင်ကို မရောက်ရောက်အောင် ရတဲ့ နည်းလမ်းအသွယ်သွယ်ကို သုံးပြီး အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး အရောက် လှမ်းနိုင်ကြပါစေ။
ဒေါက်တာ သန်းမင်းထိုက်
Comments
Post a Comment