ပျားတစ်ကောင်ဟာ ပန်းတွေဆီကနေ သူစုပ်ယူလာခဲ့တဲ့ ဝတ်ရည်ရဲ့ သုးံပုံတစ်ပုံကိုသာ ပျားရည်အဖြစ်ရလာတာ။ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂သန်းကနေ ဝတ်ရည်ကို စုပ်ယူရတယ်။ ပန်းများရှိရာကို အကြိမ်ပေါင်း သုံးသန်းကျော်ပျံသန်းရသကွဲ့။ ပျံရတဲ့ ခရီးတာကို တွက်ကြည့်ရင် မိုင်ပေါင်း ငါးသောင်းကျော်တောင် ရှိသတဲ့။
ကဲ အခု ပျားရည်စလုပ်တော့မယ်။ စုပ်လာတဲ့ ပန်းဝတ်ရည်က ရေလိုပဲတဲ့။ ရှိသမျှရေတွေ ခမ်းသွားဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေကိုယပ်ခပ်သလိုမျိုး အခါခါ အကြိမ်များစွာ ခပ်ပေးရတာနော်။ ဝတ်ရည်ထဲမှာရေလုံးဝ မရှိတော့မှပဲ ပျားရဲ့ပါးစပ်ထဲမှာ ရှိတဲ့အထူးသီးသန့် ဂလင်းထဲက စစ်ထုတ်ရည်ကို ဆက်ဖြန်းပေးရသတဲ့။ ဒီတော့မှ အရသာချိုမြတဲ့ ပျားရည် ဖြစ်လာရတာကွဲ့။
ဒီပျားရည်ကို ဖယောင်းမံထားတဲ့ ပျားအုံထဲက အခန်းလေးတွေထဲထည့်ပြီး စနစ်တကျ သိုလှောင်ပြီး သိမ်းထားပေးသတဲ့။
လူတွေက ပျားအုံကနေ ပျားရည်ကို ဖွပ်ယူရတာလေ။ လူတွေက ပျားရည်ကို.ပုလင်းသန့်သန့်ထဲမှာ ထည့်ပြီး စနစ်တကျ အဖုးံကို လုံလုံပိတ်ပြီးထားရသလိုပေါ့ကွယ်။
ပျားရည်ရဲ့ထူးခြားချက်က ဘယ်တော့မှ ပုတ်သိုးရိုး မရှိဘူးကွဲ့။ နှစ်ရှည်လများ သိမ်းထားတဲ့ ပျားရည်ကို နှစ်ချို့ပျားရည်လို့ ခေါ်တာကို သားတို့ သမီးတို့ သိကြမှာပါ။ နှစ်ချို့ ပျားရည်က ပိုပြီးတော့လည်း အာနိသင်ကောင်းတယ်ကွဲ့။
ပညာကလည်း ဘယ်အခါမဆို အသုံးဝင်နေမြဲ တန်ဖိုး တက်နေဆဲပဲ။ "ဘဝတစ်သက်တာ ပညာရှာကြစို့"လို့ ဒီအတွက် ဆိုကြတာပေါ့ကွယ်။ ပညာရှာရာမှာ သားတို့သမီးတို့က အခါမလပ် အားထုတ်နေကြရမယ် သိလား။ပျားလို လုံ့လထုတ်ကြရမယ်။ အပျင်း မဖက်ကြရဘူး။
ပန်းဝတ်ရည် အနည်းငယ်ရဖို့ အခါခါ ပန်းရှိရာကို မနားတမ် မငြီးမငြူ ပျံသန်းကြရတယ်။မလိုတဲ့ ရေကို ထုတ်ဖို့ တောင်ပံအထပ်ထပ်ခတ်ကာ ရေငွေ့ပျံသွားအောင် လုပ်ရတယ်။ ရေကုန်သွားမှ ဂလင်းရည် ထပ်ထည့်ပြီး ပျားရည်စစ်ရအောင် လုပ်ရရှာတယ်။ မပျက်စီးဖို့ စနစ်တကျ သိမ်းဆည်းရတယ်။
သားတို့သမီးတို့လည်း ပညာရွှေအိုးကြီးကို ထွေးပိုက်နိုင်ဖို့အတွက် ပျားကို ပမာပြု အတုယူပြီး လုံ့လကြီးစွာ အပျင်းမဖက်ဘဲ ကြိုးစားသွားကြနော်။
ဝါးခယ်မ မောင်မင်းနိုင်